ဒေးဒရဲ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် (၁၀) နာရီက ဗိုလ်ချုပ်အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိနိုင်စေရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး၊ ကာယနှင့် အားကစား၊ ထိခိုက်ဒဏ်ရာများကုသခြင်း၊ စိတ်ကျန်းမာရေး မတော်တဆဖြစ်ရပ်များနှင့် မကူးစက်တတ်သော ရောဂါများအကြောင်းကို အပြန်အလှန်ဆွေးနွေးခြင်း၊ မေးခွန်းများ အမေးအဖြေပြုလုပ်ခြင်း၊ Game ကစားခြင်း၊ သရုပ်ပြသခြင်း စသည့် သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ အချက်အလက်များအား ဟောပြောပို့ချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်