ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်

ထားဝယ် မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စိုက်ပျိုးမွေးမြူရေးတွဲဖက်အထက်တန်းကျောင်း (အ.ထ.က-၄) တွင် ကော်ဖီပျိုးပင်များ ပျိုးထောင်ထားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ ကော်ဖီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များက ကော်ဖီပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများထံ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝတိုးတက်လာစေပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်၊ နှစ်ရှည်သီးနှံ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဌ်ပင်ကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာတိုးတက်ကာ မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်တွင် ကော်ဖီစိုက်ဧက (၂၆၇၄) ဧကတိုးချဲ့စိုက်ပျိုးရန် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ကော်ဖီပျိုးပင် (၈၀၀၀၀၀) (ရှစ်သိန်း) ပျိုးထောင်စိုက်ပျိုးကာ ဒေသခံတောင်သူများသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကော်ဖီပျိုးင်ပ (၈၀၀၀၀၀) (ရှစ်သိန်း)အား ပျိုးထောင်ထားရှိပြီး ထားဝယ်ခရိုင်တွင် လျာထား (၁၁၉၈) ဧက၊ တောင်သူ (၃၇၀) ဦးအတွက် (၃၅၂၀၀၀) အပင်ကိုလည်းကောင်း၊ မြိတ်ခရိုင်တွင် လျာထား (၉၁၉)ဧက၊ တောင်သူ (၃၇၃)ဦးအတွက် (၂၇၈၀၀၀) အပင်ကိုလည်းကောင်း၊ ကော့သောင်းခရိုင်တွင် လျာထား(၂၅၅)ဧက၊ တောင်သူ(၅၇)ဦးအတွက် (၈၀၀၀၀)အပင်ကိုလည်းကောင်း၊ ဘုတ်ပြင်းခရိုင်တွင် လျာထား(၃၀၂)ဧက၊ တောင်သူ (၆၉)ဦးအတွက် (၉၀၀၀၀) အပင်ကိုလည်းကောင်း၊ စုစုပေါင်းတိုင်းဒေသကြီးအနေဖြင့် လျာထား(၂၆၇၄)ဧက တောင်သူပေါင်း (၈၆၉)ဦးအတွက် ကော်ဖီပျိုးပင် (၈၀၀၀၀၀) ကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက် အသီးသီးပျိုးထောင်ထားရှိပြီးဖြစ်ရာ လာမည့်မိုးရာသီအမီ ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ အချိန်မီအခမဲ့ဖြန့်ဖြူးဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ငွေဇင်ယော်(ထားဝယ်)