မုံရွာ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက် ပျိုးရာသီက စိုက်ပျိုးထားသော နှမ်း ၁၂၅၅၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုံရွာမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ နှမ်း ဧက ၁၂၅၅၅ ရိတ်သိမ်းပြီးစီးနေပြီး တစ်ဧကလျှင် ၁၂ ဒသမ ၆၅ တင်း၊ စုစုပေါင်း ၁၅၈၇၇၀ တင်း ထွက်ရှိကြောင်း သိရသည်။
“ဆောင်းသီးနှံ စိုက်ပျိုးရာသီက မုံရွာမြို့နယ်မှာ နှမ်း ၁၂၅၅၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နှမ်းစိုက်ဧက တိုးချဲ့စိုက်ပျိုး နိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့၊ GAP နည်းနစ်နဲ့ စိုက်ပျိုးဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ပြောပြသည်။
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နှမ်းစိုက်တောင်သူများကို စိုက်ပျိုးသည့် နည်းစနစ် မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများသည် အခြားစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများထက် အရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များကိုပါ တင်ပို့ရောင်းချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အကျိုးစီးပွားပိုမို ဖြစ်ထွန်းကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)