၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနေ့ နံက် ၆ နာရီတွင် တစ်ပြိုင်နက် စတင်ဖွင့်လှစ်သည့် ပန်းတောင်းမြို့နယ်ရှိ မဲရုဲ(၁၃၅)ရုံ၌ မဲဆန္ဒရှင် မဲပေးလျက်ရှိ

ပန်းတောင်း   နိုဝင်ဘာ   ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပသည့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ မဲရုံပေါင်း (၁၃၅)ရုံကို နံက် ၆ နာရီတိတိအချိန်က တစ်ပြိုင်နက် မဲလာပေးလျက်ရှိကြောင်း သိရသည်။

မဲရုံများဖွင့်လှစ်ရာတွင် ရှေးဦးစွာ သက်ဆိုင်ရာမဲရုံအလိုက် တာဝန်ရှိသူများက နံက် ၆ နာရီ  တိတိအချိန်တွင် မဲရုံစတင်ဖွင့်လှစ် ကြောင်းကြေညာခြင်း၊ မဲမပေးမီ မဲပုံးအလွတ်များဖြစ်ကြောင်း အများပြည်သူမြင်သာအောင် ပြသပေးခြင်းနှင့် မဲပုံးအလွတ်များကို လုံခြုံရေး ကြိုးများ စနစ်တကျ  တပ်ဆင်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကို မဲလာပေးရန် အသိပေးနှိုးဆော်ကြေညာ ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မဲရုံတာဝန်ကျဝန်ထမ်းများက ဆန္ဒမဲပေးရန် လာရောက်သည့် မဲဆန္ဒရှင်ပြည်သူများကို အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုရန် စီစဉ် ထားရှိပေးခြင်း KN-95 Mask များ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ၌ နေရာထိုင်ခင်း စီစဉ်ထားရှိပေးခြင်း စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးစနစ်တကျ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်ရှိ မဲရုံ (၁၃၅)ရုံတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း(၁၁၅၆၉၆) ဦးစာရင်းရှိပြီး ညနေ ၄ နာရီ တိတိအချိန်တွင် မဲရုံများပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် မဲရုံလုပ်ငန်းအဆင့်ဆင့်တို့ကို သက်ဆိုင်ရာမဲရုံအလိုက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)