စစ်ကိုင်းမြို့တွင် ပြည်သူများ အလုပ်အကိုင်ရရှိရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

စစ်ကိုင်း မေ ၁၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အလုပ်အကိုင်ရရှိရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျှံစိုးက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူပြုပေးနိုင်မှာဖြစ်ကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်း များ ဆောင်ရွက်လုပ်ကိုင်နိုင်ကြမှာဖြစ်ကြောင်း ပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် ရည်မှန်းချက်တာဝန် (၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထု အခြေပြုဗဟိုဌာနသည် အများပြည်သူနှင့်ရင်းနှီးသည့်နေရာ၊ အများပြည်သူလာချင်သည့်နေရာ၊ အများပြည်သူနှင့် အကျွမ်းတဝင်ရှိသည့်နေရာအဖြစ် ပြည်သူများက ယုံကြည်လာအောင် ဆောင်ရွက် ပေးနေလျက်ရှိရာ လူငယ်အသိပညာပေးစကားဝိုင်းများ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ သင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုဆိုလျှင်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ယခုလို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲစသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နည်းကို (၅)ရက်ကြာ လက်တွေ့သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်