ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် (ငြိမ်း) ဘဒ္ဒန္တဩသဓာဘိဝံသမဟာထေရ်၏ သက်တော် (၁၀၂) နှစ်ပြည့် ဂုဏပူဇာသဘင်ကျင်းပ

ညောင်တုန်း မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်ချုပ် (ငြိမ်း) ဘဒ္ဒန္တဩသဓာဘိဝံသ၊ မဟာထေရ် ဆရာတော်ကြီး၏ သက်တော်(၁၀၂)နှစ်ပြည့် ဂုဏပူဇာသဘင် အခမ်းအနားကို ယနေ့  နံနက်ပိုင်းက ဘုရားသုံးဆူတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်သည်၊၊

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး ညောင်တုန်းမြို့၊ တောင်ညို ပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ ကောမလ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သက်တော်ရှည် ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ် ဆရာတော်ဘုရားကြီး၏ သင်္ခပထေရုပ္ပတ္တိ ကထာအား ဖတ်ကြားပူဇော်သည်၊၊

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများက ပင့်သံဃာတော်(၅၃)ပါးထံ အလှူငွေနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ် လှူဒါန်းပြီး ညောင်တုန်းမြို့၊ တောင်ညိုပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကောမလဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြား၍ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့‌ကြောင်း သိရသည်၊၊

မြို့နယ် (ပြန်/ဆက်)