မင်းဘူး မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် မန်းရွှေစက်တော်ဘုရားပွဲသို့ လှည်းယဉ်တန်းများဖြင့် ဘုရားဖူးသွားရောက်သည့်ကျေးရွာဟု လူသိများထင်ရှားသော မင်းလှကျင်းကျေးရွာသည် သောက်သုံးရေအဖြစ် မြေသားရေလှောင်ကန်ကိုသာ အဓိကထား သုံးစွဲနေရပြီး အပူချိန်မြင့်မားသည့် နွေရာသီကာလ၌ သောက်သုံးရေရှားပါးချိန်တွင် သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးအတွက် မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် စကုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလံ ၂၄၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့သည်။
အလားတူ မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်မီးသတ်ဦးစီးဌာန ဖုန်း ၀၉ - ၄၂၈၃၄၅၉၂၈ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးများနှင့် နယ်မြေခံမီးသတ်စခန်းများသို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်၍ သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေးအတွက် အကူအညီတောင်းခံနိုင်ကြောင်းနှင့် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောကြားခဲ့သည်။
မောင်မောင်(မင်းဘူး)