အိမ်မဲ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စာချွန်ခံရပ်ကွက် (၁)လမ်းရှိ လေးကျွန်းရန်အောင် ဆုတောင်းပြည့်စေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာတက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် နိုင်ငံတော်ဗဟိုဝန်ဆောင် အိမ်မဲမြို့နယ်ကွင်း ကျောင်းပရိယတ္တိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ အရှင်သူမြတ်ကြီးထံမှ အခမ်းအနားတက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်တို့ထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရံစေတီထီးတော်များအား ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး ထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးတို့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်း ဆက်လက်ကျင်းပရာ သာသနာ့အလံကိုင်၊ ပန်းဖလားကိုင်၊ ထီးဖြူတော်ကိုင် ဥပါသကာများ၊ ဆရာတော်အမှူးပြုသော ဘုရားဒါယကာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရံစေတီထီးတော်များထားရှိသောယာယီနေရာမှ စေတီတော်ပေါ်သို့ လက်ဆင့်ကမ်းသယ်ယူခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြောင်းမြ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက ရွှေထီးတော်၊ ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား တင်လှူပူဇော်ကာ ရတနာစိန်ဖူးတော်မြတ်အား ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်း ပူဇော်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူပြီး ဆရာတော်ဘဒ္ဒန္တနန္ဒိယအရှင်သူမြတ်ကြီးထံမှ အနုမောဒနာတရာများကိုလည်းကောင်း၊ နယ်လှည့်သာသနာပြုတကော ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိလာသထံမှ ရေစက်ချတရာများကိုလည်းကောင်းတက်ရောက်လာသူများက တရားနာယူခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)