၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကျင်းပ

ကြံခင်း မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ကြံခင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲနှင့် သစ်စိမ်းမြေဩဇာ  (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း  ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က မိုးစပါးကြဲခင်းများ ပပျောက်စေရေးအတွက် (Drum Seeder) အစေ့ချ ကိရိယာဖြင့်စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးရေတော်မိုးတော် စိုက်ဧကများတွင်  ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုရရှိစေရေး၊ သုံးသီးစားစိုက်ဧကရည်မှန်းချက်အပေါ် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးအား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုး ထုတ်လုပ်တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာက ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေ၊ ရေ၊ မျိုး၊ နည်းလမ်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဝင်းကိုက မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မိုးစပါးစိုက်တောင်သူများအား တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပြီးနောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)