ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

ကသာ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ မစန္ဒာရေးသားသည့် "ဘွဲ့ရပညာတတ်"ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ မစန္ဒာရေးသားသည့် “ဘွဲ့ရပညာတတ်” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ၊ ကသာ)နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် မိမိတို့၏ ဘဝခရီးတွင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဘွဲ့ရသည်အထိ ပညာသင်ကြားရကြောင်း၊ ပညာသင်ကြားရာတွင် အတွေးအခေါ်မရှိဘဲ သင်ယူမှုသည် အချည်းနှီးဖြစ်ကြောင်း၊ သင်ယူခြင်းမရှိဘဲ တွေးတောဆင်ခြင်နေပါကလည်း ဦးနှောက်‌ဖွံ့ဖြိုးမှု ဆိတ်သုဉ်းနိုင်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရင်း အသိပညာဗဟုသုတတိုးပွားအောင် စာများများဖတ်သင့်ကြောင်း၊ လူတစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူညီကြသော်လည်း ဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့၏လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ 

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ် စာရေးဆရာအသင်း၊  Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း