၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့  မြေစိုက် ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ

မကွေး မေ ၁၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက်  ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့  မြေစိုက် ပိုစတာဆိုင်းဘုတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံ ပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် ကျောင်းသားအားလုံးကို မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်းစာအုပ်၊ စာရေးကရိယာများ၊ ဗလာစာအုပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ် စုံ(၁)စုံစီအား အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မောင်ညီညာ