အုတ်တွင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၅၉) ဦးပိုင် (၃၁) တောင်သူဦးမြင့်သိန်း၏ နှံကောက်စိုက်ခင်း၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စပါးသီးနှံညွှန်ကြားရေးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများတက်ရောက်ကြပြီး နွေစပါးစံကွက် သုည ဒသမ ၁၀ ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအခြောက် ၁၄၂ ဒသမ ၅၀ တင်း ထွက်ရှိကြောင်း သိရသည်။
ထို့နောက် စပါးသီးနှံ ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေသည့်(MMKH)ကုမ္ပဏီသို့ သွားရောက်၍ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဖြန့်ဖြူးပြီးသောမြေဩဇာနှင့် မျိုးစေ့နမူနာများ၊ ဆန်နမူနာများအားကြည့်ရှုကာ လာမည့်မိုးရာသီကာလ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းနှင့်တွဲဖက်၍ Rice Export Zone ထူထောင်နိုင်ရေးအတွက် မျိုးများထုတ်လုပ်မည့်အစီအစဉ်၊ ကြိတ်ခွဲမည့်အစီအစဉ်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ကျောက်တလင်းကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံကာ အခက်အခဲများမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်း၊ နည်းပညာဆိုင်ရာများမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော