လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရေး ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ပုသိမ်      မေ      ၁၁

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊  အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ကျောင်းသားလူငယ်များအား စာတတ်ရုံသာမက ပညာ တတ်မြောက်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ပညာရှိမှဘဝတိုးတက်အောင်မြင်မည် ဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်စုံရန်အတွက် ကျန်းမာရေးကိုလည်းလေ့လာလိုက်စားရန် အရေးကြီး ကြောင်း၊ လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်ရေးအတွက် ငယ်ရွယ်စဉ်အခါကပင် ကြိုးစား လေ့ကျင့်ဖို့လိုအပ်ကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလ ငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ဆွေးနွေး ပါသည်။

ဆက်လက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် လူငယ်များအပါအဝင် ပြည်သူများစာပေ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေဖတ်ရှု အသိပညာပြည့်ဝမှသာ စဉ်းစားတွေးခေါ်မှုနှင့် ရင့်ကျက်မှုရှိပြီးဘဝတစ်လျှောက်လုံး အဆင်ပြေမည် ဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်အလိုက် လူမှုကျင့်ဝတ်များကိုစောင့်ထိန်းပြီး ဘက်စုံထူးချွန်သည့် လူရည်ချွန် လူရည်မွန်များ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားကို လေ့လာလိုက်စား စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ခရိုင်၊ မြို့နယ်လက်ရွေးစင်မှသည် တိုင်းဒေသကြီးလက်ရွေးစင်၊ နိုင်ငံ့ လက်ရွေးစင်ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ ကင်းထောက်လူငယ်များ၊ အဆင့်မြင့်နွေရာသီသင်တန်းများမှ အားကစား သင်တန်းသား/သူများ၊ ဆရာ/မများနှင့်ကျောင်းသား/သူများ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)