မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အပူရှောင်စခန်းရှိ သက်ကြီးဘိုးဘွားများအား တွေ့ဆုံ၍ အားပေးစကားပြောကြား

မကွေး မေ  ၁၁

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှုး၍ မကွေးတက္ကသိုလ်ရှိ ယင်းမာဆောင်တွင် သက်ကြီးဘိုးဘွားများ အပူဒဏ်ကာကွယ်နိုင်ရေး အပူရှောင်စခန်းကို မေလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အပူရှောင်စခန်းသို့ လာရောက်အနားယူကြသည့် သက်ကြီးဘိုးဘွားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သက်ကြီးဘိုးဘွားများ အပူဒဏ်ကာကွယ်ပြီး အေးချမ်းစွာအနားယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် မျက်စိခွဲစိတ်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာပေလေ့လာဖတ်ရှုနိုင်ရေး နေ့စဉ်ထုတ်သတင်းစာများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ စီစဉ်ဆောင်ရွက်ထားရှိမှု၊ သက်ကြီးဘိုးဘွားများအတွက် အစားအသောက်များ ဧည့်ခံကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မကွေးတက္ကသိုလ်(ယင်းမာဆောင်)ရှိ အပူရှောင်စခန်းကို နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိကာ ယနေ့တွင် သက်ကြီးဘိုးဘွားစုစုပေါင်း (၈၀)ကျော် အေးချမ်းစွာ အနားယူလျက်ရှိပြီး မကွေးတိုင်းဒေသကြီးတွင် ပြည်သူများအပူဒဏ်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်တွင် မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များ၌ လည်းကောင်း၊ မင်းဘူးခရိုင်တွင် မင်းဘူးမြို့နယ်၌လည်းကောင်း  ချောက်ခရိုင်တွင် ချောက်၊ ရေနံချောင်းမြို့နယ်များ၌ လည်းကောင်း၊ သရက်ခရိုင်တွင် သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှမြို့နယ်များ၌လည်းကောင်း အသီးသီးဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။

အောင်ကို(ဖန်ခါးမြေ)