စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းနှံကြပါစို့” ဆိုင်းဘုတ်တင်ပွဲနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မုံရွာ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းနှံကြပါစို့” ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်း (အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လိူင်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းနှံကြပါစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းနှံကြပါစို့ ကျောင်းအပ်နှံရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာသည်သာအားကိုးရာ၊ ပညာသည်သာပိုင်းဖြတ်ရာ၊ ပညာသည်သာ အခရာဟုဆို နိုင်ပါကြောင်း၊ ပညာလွှမ်းခြုံထားသည့် လူသားအရင်းမြစ်စွမ်းအားသည် တိုင်းပြည်တည် ဆောက်ရာတွင် အလွန်အရေးပါခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရပ်ရပ်အတွက် ပညာသည်သာ အခြေခံဖြစ်ခြင်းတို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းသို့ အရောက်သွားနိုင်အောင် ပညာရေးဝန်ထမ်းများသာမကဘဲ မိဘပြည်သူများကပါ ပူးပေါင်းဆောင်ရွက်ပေးသွာကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး ဥပဒေပါအခွင့် အရေးများ ဆုံးရှုံးမှုမရှိစေရေး ကျောင်းအပ်နှံရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်လက်ခံနိုင်ရေးအတွက် ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ရာတွင် သတ်မှတ်ရက်မတိုင်မီကတည်းမှ တာဝန်ရှိသူများအနေဖြင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ကျောင်းဆိုင်းဘုတ်များ သစ်လွင်တောက်ပအောင် ဆောင်ရွက်ရေး၊ စာသင်ခုံများ၊ စာသင်ခန်းများ၊ သင်ကြားရေးဝန်ထမ်းများ စသည်ဖြင့် ကြိုတင်စီမံဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)