ပွင့်ဖြူမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများခင်းကျင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

ပွင့်ဖြူ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနကမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှာဖွေကူညီကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က မီးဘေးအန္တရာယ်ဖြစ်ပွားရခြင်း၏အကြောင်းအရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့်သိကောင်းစရာများနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များ၊ ရေပြင်/မြေပြင်အထပ်မြင့်အဆောက်အအုံများနှင့် ယာဉ်မတော်တဆမှုများတွင်အသုံးပြုဆောင်ရွက်သည့်အသက်ကယ်နှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၏ အသုံးပြုပုံအဆင့်အဆင့်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများကို ရေပြင်/မြေပြင်အထပ်မြင့်အဆောက်အအုံများနှင့် ယာဉ်မတော်တဆမှုများတွင် အသုံးပြုသောအသက်ကယ်နှင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ခင်းကျင်းပြသ၍မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များ၊ ရေစိုဝတ်နှင့်မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်ပုံအဆင့်ဆင့်ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာ ရဲတပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်မိသားစုများက ပူးပေါင်းပါဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းရှိ ရုံးအဆောက်အဦများနှင့်ဝန်ထမ်းနေအိမ်လိုင်းခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးလိုင်းများနှင့် လျှပ်စစ်မိန်းခုံများမီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်လင့်တကူ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိ၊ ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားမှုရှိ/မရှိနှင့် မီးလောင်လွယ်စေသောလောင်စာနှင့် အမှိုက်သရိုက်များစနစ်တကျ သန့်ရှင်းရေးဆောင်ရွက်ထားခြင်းရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )