ကေ့ာကရိတ် မေ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၄/၂၀၂၄) အစည်းအဝေးကို မေလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက လတ်တလော လိုအပ်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးရာ အဆိုပါလုပ်ငန်းကော်မတီအစည်းဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ အတက်/အဆင်း လမ်းနေရာများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှတ်(၁)ရပ်ကွက်၊ ချောင်းတောင်၌ လျှပ်စစ်မီးကြိုးများ ဓာတ်တိုင်များ ရှင်းလင်းခြင်း၊ သွယ်တန်းခြင်း၊ ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာမည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ဇိနသုခလောကသရဖူ စေတီတော်ဝန်းအတွင်း၌ ယင်လုံအိမ်သာသန့်စင်ခန်း ဆောက်လုပ်နေမှုများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)