ပေါင်းတည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မေလ ၉ ရက်နေ့ည ၈ နာရီက လေပြင်းတိုက်ခတ်၍ လူနေအိမ် ၆ လုံးပြိုလဲပျက်စီးခဲ့ပြီး လူနေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုလေဘေးသင့် ပြိုလဲနေအိမ်များမှာ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ၃ ပင်အိမ်၊ တစ်ထပ်၊ သက်ကယ်မိုး၊ သက်ကယ်ကာ၊ ဝါးကြမ်းခင်း လူနေအိမ် ၆ လုံးဖြစ်ပြီး ၃ ပင်သွပ်မိုးအိမ် ၁၅ လုံးမှာ ခေါင်မိုးလန်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်နေအိမ်များမှ လူဦးရေ ၅၅ ဦးမှာ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ခိုလုံနေထိုင်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကြည့်ရှုကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)