ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

ဟင်္သာတ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ "ဟင်္သာ"ခန်းမတွင် ​ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက စီစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပေးပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးအောင်ချင်းက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အင်တာနက်အသုံးပြုမှု၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးများ"စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းကို နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် စာပေအသိပညာဗဟုသုတများရရှိစေရန် စာပေလေ့လာဖတ်ရှုစေခြင်းဖြင့် အသိပညာများမျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းညှိနှိုင်း တိုင်ပင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောစွမ်းရည် တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ဆက်ဦးစီးမှူးက အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသောစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှု၊ ကလေးအလုပ်သမားပပျောက်ရေးစသော အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)