နတ်မောက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ၊ ပိတောက်ငုတ်ကျေးရွာနှင့် အင်းကုန်းကျေးရွာများသို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
ထိုသို့ လိုက်လံနှိုးဆော်ခြင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိက မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့်မေလများတွင် နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်၍တိမ်များဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်ပေးပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာများရှိ ဒေသခံပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း