ဖျာပုံ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီ"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က(၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စကားဝိုင်းပြုလုပ်ရာတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် နွေရာသီ"လူငယ်စကားဝိုင်း"ကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်တို့နှင့်အတူ အ.ထ.က(၁)ကျောင်း၊ Grade (12)မှ မောင်ရဲနန္ဒထွန်းက "အချိန်၏တန်ဖိုး"၊ မသိမ့်သဉ္ဇာဇော်က" မျိုးရိုးဂုဏ်ကို ထိန်းသိမ်းရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အ.ထ.က (၂)ကျောင်း၊ Grade ( 12)မှ မောင်ပြည့်စုံအောင်က "လူငယ်နှင့်စာပေ"၊ မဖူးပွင့်သင်းက"လူငယ်နှင့်အားကစား"စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး စောအယ်ဝါးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ နွေရာသီ လူငယ်စကားဝိုင်းသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ၊ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အ.ထ.က(၁)၊ အ.ထ.က(၂) ကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)