ငပုတော မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ငပုတော မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူ ခြင်းကို မေလ (၉) ရက်နေ့ ညနေပိုင်းက မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။

အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဆရာမကြီးဒေါ်ကျင်အေးနှင့်ဝန်ထမ်းများ၊မြို့ပေါ် ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ တက်ရောက်ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိဖြစ်ပြီး၊ ယခုကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရခြင်းမှာ ”ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ (ပြန်/ဆက်)