ထားဝယ် မေ ၁၀
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခြေခံပညာကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆရာ၊ဆရာမများ၏တာဝန်သည် စာကိုလည်းသင်၊ လူကိုလည်းပြင်ကြရမှာဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများ၏အနာဂတ်သွားရာလမ်းရည်မှန်းချက်ကို ပြောင်မြောက်အောင် ပုံဖော်ရွေးချယ်ထုဆစ်ပေးရမှာဖြစ်သလို ခေတ်မီ၍အေးချမ်းဖွံ့ဖြိုးသောဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် နိုင်ငံသားကောင်းများဖြစ်လာအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးအတွက် လူတိုင်းလက်လမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်(၁)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံသားကောင်းကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးရန်အတွက် တစ်နိုင်ငံလုံးတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများကို စီစဉ်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း အ.ထ.က(၄) ထားဝယ်နှင့် အ.ထ.က-သမုတ်၊ မြိတ်မြို့တို့မှာ ဖွင့်လှစ်ထားရှိပြီး ယခုလာမည့် ၂၀၂၄-၂၀၂၅ပညာသင် နှစ်တွင်လည်း အထက(၂)ကော့သောင်းတွင် ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ခေတ်စနစ်နှင့်အညီ နိုင်ငံတော်၏လိုအပ်ချက်များကို ပညာရေးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသောဆရာ၊ ဆရာမများအနေဖြင့် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမြှင့်တင်ရေးလုပ်ငန်းများမှာ တစ်တပ်တစ်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်၊ ပညာရေးပြန်လည်အားကောင်းအောင် ပဲ့ကိုင်ပေးကြရန်၊ လုပ်ငန်းခွင်သို့ရောက်သည့်အခါ တပည့်များကို ပညာပြည့်၀နှလုံးလှသူများ၊ ပညာရဲရင့်ပွဲလယ်တင့်သူများဖြစ်အောင် ပုံဖော်ဆောင်ရွက်ပေးကြရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သည့် နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ပေးကြရန်၊ နိုင်ငံတော်ကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကောင်းကျိုးပြုကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းနောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)