တောင်ငူ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြသခြင်းနှင့် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင်က အမှာစကားပြောကြားပြီး တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်မေမြတ်နိုးသိမ့်က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မဲဆန္ဒရှင် ပြည်သူ၊ စုစုပေါင်း (၃၇၆) ဦးခန့်က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်မေမြတ်နိုးသိမ့်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် စမ်းသပ်မဲပေးသူများက ယခင်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်စေရေး အကြံပြုကြကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခြင်းများကို ဧပြီ ၂၅ ရက်နေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို