အင်္ဂပူ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ စုပေါင်းကြဲပက်ပွဲနှင့် နွေစပါးစံကွက်ရိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အောက်ရွာကြီးကျေးရွာအုပ်စု တောင်သူ ဦးရာဇာအောင်၏ လယ်မြေနှင့် တလိုင်းကွင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးညီညီအောင်တို့၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၇၅၉ (မဲဇလီတောင်)၊ ဦးပိုင် အမှတ် ၁၁၅ ရှိ တောင်သူ ဦးရာဇာအောင်၏ လယ်မြေဧက (၃) ဧကတွင် ပြုလုပ်ရာ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေ ရေးအတွက် ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သော်မြင့်က မိုးစပါး မစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများ ပပျောက်စေရေးနှင့် Drum Seeder အစေ့ချကိရိယာ များဖြင့် စိုက်ပျိုးနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံ ပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ များ စုပေါင်းကြဲပက်ခဲ့ကြသည်။
ထို့နောက် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် တလိုင်းကွင်းအုပ်စု၊ ကွင်းအမှတ် ၈၄၁ (ဝတ်ကုန်း)၊ ဦးပိုင်အမှတ် ၄၁ ရှိ တောင်သူ ဦးညီညီအောင်၏ လယ်ယာမြေ (၅.၅၁)ဧကတွင် နွေစပါးရက် ၉၀ မျိုး သုံးသီးစား (စပါး+ပဲ+စပါး) စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ နွေစပါးရက် ၉၀ မျိုး သုံးသီးစား (စပါး+ပဲ+စပါး) စံကွက်တစ်ဧက ပျမ်းမျှ စပါးအစို(၁၃၀)တင်း၊ စပါးအခြောက်(၁၂၁)တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွတ်ရိတ်သိမ်းရာသို့ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)