ကျုံပျော် မေ ၁၀
"ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာ သင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို အောင်ဆန်းရပ်ကွက်ရှိ၊ မြို့မ အခြေခံပညာမူလတန်းကျောင်းရှေ့၌ မေလ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းအပ်နှံသီတင်းပတ် ဆိုင်းဘုတ်အား ဝိုင်းဝန်း စိုက်ထူကြကာ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်း၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း ကျုံပျော်မြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန် းကျောင်း(ခွဲ) (၇) ကျောင်း၊ အလယ်တန်း ကျောင်း (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄)ကျောင်း၊ မူလတန်းကျောင်း (၁၈၅)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၇)ကျောင်း စသည့် အခြေခံပညာကျောင်း စုစုပေါင်း (၂၅၂)ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများ လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး၊ ဇွန်လ ၃ ရက်နေ့တွင် အခြေခံပညာ စာသင်ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)