မုံရွာ မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာအုပ်စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်တို့ နှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာမြို့နယ်စာရေးဆရာ အသင်းနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်/ ကျေးရွာ ကြည့်တိုက်များမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် "ကျွန်တော်တို့ မြန်မာလူ့ဘောင်အဖွဲ့အစည်းကို စဉ်ဆက်မပြတ် သင်ယူလေ့လာနေသော လူဘောင်အဖွဲ့အစည်းဖြင့် ဆောင်ရွက်ရာတွင် စာကြည့်တိုက်များ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါသည်။ စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာ ဌာနကြီးတစ်ခုဖြစ်ပါတယ်။ ပြည်သူများ စာဖတ်စေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဦးချင်း အသိပညာများ ကြွယ်ဝစေရန်အတွက် စာဖတ်ရန်၊ စာဖတ်ရှုသည့်စာကို ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရန်လည်း လိုအပ်ပါတယ်။ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာ မည်ဖြစ်ပြီး ထိုသို့ အသိပညာ ဗဟုသုတများ ကြွယ်ဝလာခြင်းဖြင့် ဘဝအတွက်များစွာ အကျိုး ဖြစ်ထွန်း စေပါမည်။ ထို့အပြင် မိမိတို့ဖတ်ရှု သိရှိထားသည့် အသိပညာဗဟုသုတများကို လူအများ သိရှိစေရေး အတွက် ပြန်လည် ဟောပြောပေးခြင်း၊ ဆွေးနွေးပေးခြင်းများ ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှု အကျိုးကို ရရှိနိုင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် အသိပညာ နှီးနှောဖလှယ် ဆွေးနွေး လှုပ်ရှားမှုများကို လစဉ်အလိုက် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါတယ်။ မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူ၍ ဆိုရိုးစကားရှိပြီး အလားတူ စာပေ အသိပညာမရှိပါက တစ်သက်လုံး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်သဖြင့် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် မိမိတို့ အနေဖြင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရမှာဖြစ်ပါတယ်။ စာဖတ်ခြင်း က စိတ်အာဟာရကို နှိုးဆော်ပေးစွမ်းသည်ဟု ဆိုလေ့ရှိကြသည်။ စိတ်အာဟာရဆိုသည်မှာ စိတ်ကောင်းနှလုံးကောင်း၊ ကိုယ်ရည်ကိုယ်သွေးကောင်းနှင့် ရင့်ကျက်ကြံ့ခိုင်မှု ဆုလာဘ် တစ်မျိုးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်ခွန်အား ရရှိလာခြင်းပင်ဖြစ်သည်။ စာကောင်း ပေကောင်းများက အယူအဆနှင့် လုပ်ရပ်အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်စေပြီး မှန်တာကို လုပ်မှားတာဆိုမလုပ်တတ်သည့် ရိုးသားခြင်းဟူသော ဂုဏ်ကိုလည်းပေးသည်။ မသိတာတွေသိရ၊ ပညာဗဟုသုတရသဖြင့် အချင်းချင်းဆွေးနွေးကြ၊ မေးမြန်းကြ၊ ဖြေကြားကြရာမှာလည်း မိမိကိုယ် မိမိလူရာဝင်သလိုဖြစ်လာကာ အပေါင်းအသင်းဆံ့ပြီး ယုံကြည်မှုကို တိုးစေသည်။ လူတွေကို လိမ္မာလာစေပြီး အပြုအမူတွေကို ယဉ်ကျေးလာစေသည်။ မိမိတစ်ဦးတည်း ဖတ်နေရုံ သိနေရုံနှင့် မပြီး တစ်ခါတစ်ရံ စာပေမြတ်နိုးသူအချင်းချင်း အသိပညာဖလှယ်ရေး စကားဝိုင်းများ ဖန်တီး၍ ကာယ၊ ဉာဏ၊ ဘောဂ၊ စာရိတ္တ၊ မိတ္တဗလငါးတန်ကို ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင်လုပ်ကြရမည်။ အသိအမြင်များ ဖလှယ်ခွင့်ရသည့်အတွက် လူအချင်းချင်းကြား အပြန်အလှန် နားလည်မှုတိုးကာ ကိုယ်ချင်းစာမှု ရရှိလာစေသည်။ လူငယ်တွေကို စာဖတ်ဖို့ အားပေးခြင်းသည် သူတို့ဘဝ တစ်သက်စာအတွက်ပဲ ဖြစ်သည်ကို မြင်အောင်ပြရမည်။ စာဖတ်ခြင်းက ဘဝအပေါ်မှာ မှန်ကန် သည့်အမြင်နှင့် မှန်ကန်သည့် အမူအကျင့်များအထိ ပြောင်းလဲနိုင်စွမ်းရှိသည့်အတွက် မိမိတို့ လူ့ဘဝတန်ဖိုးများ မြင့်တက်လာဖို့ အရေးမှာ စာများများ ဖတ်ခြင်းက အရေးပါသည်ဆိုသည့် ယုံကြည်မှု တစ်ခုရရှိလာရန် အထူး လိုအပ်ပါသည်။ အခြေခံအားဖြင့် စာမတတ်တတ်အောင်၊ စာတတ်ပြီးလည်း စာဖတ်နေအောင်က လူ့အဖွဲ့အစည်း၏ တာဝန်သာဖြစ် သည်ဟု ခံယူထားကြရမှာ ဖြစ်ပါကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျေးရွာပေါင်း ( ၆၀၀၃)ရွာ ရှိရာ စံ(၅)ချက်ညီ ဖွင့်လှစ်ထားသည့် (၁၀၈၃)တိုက် ရှိခဲ့ပါတယ်။ အဆိုပါ စာကြည့်တိုက်များကို နိုင်ငံတော်မတည်ငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ စေတနာရှင်၊ အလှူရှင်များ ပံ့ပိုးငွေများဖြင့် ဆောက်လုပ်ပြီး စာကြည့်တိုက်များ ဖွင့်လှစ် ဆောင်ရွက်ခဲ့ သော်လည်း နယ်မြေဒေသအခြေအနေ အရပ်ရပ်ကြောင့်စာကြည့်တိုက် (၈၂၅)တိုက်သာ ကျန်ရှိကြောင်း သိရပါတယ်။ အဆိုပါ စာကြည့်တိုက် (၈၂၅)တိုက်အား စံညီစာကြည့်တိုက် အင်္ဂါရပ်များနှင့်အညီ ပြည်စုံမှုရှိလာရေးအတွက် စာအုပ်စာစောင်များ၊ ပရိဘောဂများနှင့် ပြုပြင်ထိန်းသိမ်းမှုများလိုအပ်ပြီး စာကြည့်တိုက်ကော်မတီများ ၊ ပြန်လည် ဖွဲ့စည်း၍ စာကြည့်တိုက်များ သက်ဝင်လှုပ်ရှားမှုရှိအောင် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ရှင်သန်လည်ပတ်နေတဲ့ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ဖြစ်ကြတဲ့ မုံရွာမြို့ပေါ် ရုံးကြီးရပ်ကွက်မှ၊ မုံရွာအလင်းစာကြည့်တိုက်၊ ဘုရားကြီးရပ်ကွက်မှ ဘုရားကြီး ပိဋကတ်တိုက်စာကြည့်တိုက်၊ သလ္လာရပ်ကွက်မှ အာရုဏ်ဦး စာကြည့်တိုက်များနှင့် ချောင်းဦးမြို့နယ်မှ အထင်ကရ စာကြည့်တိုက်များဖြစ်တဲ့ အမြင့်ကျေးရွာမှ ညိုမြ . စာကြည့်တိုက်နဲ့ သုံးပန်လှကျေးရွာမှ ဦးဝိစာရ စာကြည့်တိုက်၊ စုစုပေါင်း ရပ်ကွက်နှင့် ကျေးရွာ စာကြည့်တိုက် (၅)တိုက်ကို စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရတဲ့ စာကြည့်တိုက်များကို ပြန်လည် ရှင်သန်လာအောင် ဖွင့်လှစ်နိုင်တဲ့ စာကြည့်တိုက်များကိုလည်း ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်ရဲ့ သဘောသဘာဝအရ စတင်အကောင်အထည်ဖော်ရာမှာရော ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းရတာရော မလွယ်ကူပေမယ့် ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ရှင်သန်တဲ့ ရတနာသိုက်ကဲ့သို့ စာကြည့်တိုက်မျိုး ဖြစ်အောင် အစိုးရနဲ့ ပြည်သူပူးပေါင်းအကောင်အထည်ဖော်ရင် စာကြည့်တိုက်ဆိုတဲ့ ရတနာ သိုက်ကြီးတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူများ အထူးသဖြင့် လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများ ဖြစ်သည့်စာပေဟောပြောပွဲများ၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ စာအုပ်ပြပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်၊ ကျပန်း၊ စကားရည်လု ပြိုင်ပွဲများကို စဉ်ဆက် မပြတ် ဝိုင်းဝန်း အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေး ကြစေကြောင်း နှင့် ကျေးလက်နဲ့ မြို့ပြရှိ စာမတတ်သေးသည့် ပြည်သူများအားစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသလို စာတတ်သူများအနေဖြင့် စာဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ခြင်းဖြင့် မိမိတို့ဘဝ အနာဂတ်များကို လှပအောင်တည်ဆောက်နိုင်ရေး၊ ဖတ်ရှလေ့လာ နိုင်ရေးတို့ အတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြင့်မားရေး လုပ်ငန်းများကို ကျွန်တော်တို့နဲ့အတူ တာဝန်ရှိသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ " တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက စာအုပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင် များကိုပေးအပ်လှူဒါန်းခဲ့ကြရာ သက်ဆိုင်ရာကျေစရွာစာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြပြီးနောက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)