ဘားအံ မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ဘားအံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပုမ်ဇဂင့်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက သစ်တောနှင့်ဇီဝမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်းအကြောင်း၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှု လျော့ချရေး၊ ပျိုးဥယျာဉ်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရက မီးခိုးမြူငွေ့နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းခြင်းအရေအတွက်လျှော့ချရေး၊ ဘားအံခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်း-၃က သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ သစ်တောများနှင့်ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရေးအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောပြီးနောက် ကျောင်းသား/ ကျောင်းသူများက ဘားအံမြို့၊ မြို့မဥယျာဉ်သို့ သွားရောက်လေ့လာ၍ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပျိုးဥယျာဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)