ကလေးမြို့တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကျင်းပ

ကလေး မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံအရာရှိ ဒေါ်စောဇာခြည်မှ စွန့်ပစ်ပစ္စည်းအမျိုးအစားများ၊ ပလတ်စတစ်၏ မူလအစ၊ ပလတ်စတစ် ထုတ်လုပ်မှုနှင့် စွန့်ပစ်မှု၊ တစ်ခါသုံးပလတ်စတစ်များ၏ ဆွေးမြေ့ရန်ကြာချိန်၊ ညစ်ညမ်းမှု အန္တရာယ်များ၊ အဏ္ဏဝါဂေဟစနစ်နှင့် သက်ရှိများကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်လျော့ချရေး နည်းလမ်းများကို ဆွေးနွေးပြောခဲ့ပြီး ပြန်လည်အသုံးပြု၍ရသော စွန့်ပစ်ပစ္စည်းများနှင့် အသုံးပြု၍ မရသော စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြား စွန့်ပစ်နည်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ သည်။ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ပိုမိုရရှိ စေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ Online Talk Show များ၊  အသိပညာပေးဆွေးနွေးများနှင့် ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)