ကျွန်းလှမြို့နယ်၌ နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ယခုနှစ်နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ် နွေရာသီမှာ ခရမ်းမျိုးကို ကိုယ်တိုင်ပျိုးပြီး အပင် ၂၀၀၀ ကျော်စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးရာမှာ မြေဘောင်ပြုလုပ်ပြီးစိုက်ပျိုးပါတယ်။ အခုအခါ ခရမ်းစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ လက်ရှိခရမ်းတစ်ပိဿာ ငွေကျပ် ၅၀၀ ဈေးရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရေးမျှော်လင့်နေပါတယ်” ဟု ခရမ်းစိုက်တောင်သူ ဦးမြတ်ထွန်းကပြောသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းရေ၊ မြေအောက်ရေတင်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြကြောင်း၊ မိသားစုဝင်ငွေရရှိကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)