ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံ၌ လုံခြုံရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် LED မီးသီးများ အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်

ပွင့်ဖြူ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ စိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်အား သန့်ရှင်းရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး ပွင့်မာလာပန်းခြံအတွင်း လုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများ အလင်းရောင်ကောင်းစွာရရှိစေရန်  LED 50W မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့မစည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ အကူအညီဖြင့် ပွင့်မာလာပန်းခြံဝန်းကျင် လုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများနှင့် မီးသီးများ လျှပ်စစ်အန္တရာယ် မဖြစ်စေရေး ပြုပြင်ထိန်းသိမ်းခြင်း၊ အလင်းရောင်အားနည်းသော လျှပ်စစ်မီးသီးများကို ဖြုတ်သိမ်း၍ LED 50W မီးသီးများဖြင့် ပြောင်းလဲတပ်ဆင်ခြင်း၊ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား မိုးကြိုကာလ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ အားလပ်ချိန်များ၌ လာရောက်စိတ်အပန်းဖြေ အနားယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိသည့် ပွင့်မာလာပန်းခြံအား နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးထားရှိသော မြေယာရှုခင်းများနှင့် ပန်းပင်များကို အလှပုံဖော်ခြင်း၊ လိုအပ်သည်နေရာများတွင် ပန်းအလှပင်များ  စိုက်ပျိုးခြင်း၊ အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ရန် ကျန်းမာရေး အားကစားပစ္စည်းများ စီစဉ်ထားရှိပေးခြင်း၊ ပန်းခြံဝန်းကျင် လုံခြုံစေရေးအတွက် ကြံ့ခိုင်မှုအားနည်းသည့် လျှပ်စစ်မီးသီးများကို ဖြုတ်သိမ်းပြီး အလင်းရောင် ကောင်းစွာရရှိသည့် LED မီးသီးများဖြင့် အစားထိုးတပ်ဆင်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို  ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)