ခန္တီး မေ ၁၀
စစ်ကိုင်တိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးတို့ပူးပေါင်း၍ ပြည်သူများအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မိမိတို့အိမ်တွင်းအသုံးပြုသည့် ဆပ်ပြာဆီကို ကိုယ်တိုင်ပြု လုပ်တတ်စေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးအဖြစ် ရောင်းချနိုင်ပြီး အိမ်တွင်းအပိုဝင်ငွေရရှိနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အိမ်တွင်းမှုအတတ်ပညာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက ဆပ်ပြာဆီပြုလုပ်ရာတွင် အသုံးပြုရမည့် ပါဝင်ပစ္စည်း(၆)မျိုးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူ လေးများကို လက်တွေ့သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းမှာ (၉-၅-၂၀၂၄)ရက်နေ့မှ (၁၀-၅-၂၀၂၄)ရက်နေ့ထိ (၂)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ ကျောင်းသား/သူလေးများ (၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)