စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) တက်ရောက်

မုံရွာ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေအား နိုင်ငံတော်အစိုးရမှ ငွေကျပ်(၁၀)ဘီလီယံ ခွဲဝေချထားပေးခဲ့ရာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ထုတ်လုပ် မှုစွမ်းအား မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမနှင့် MSMEs လုပ်ငန်းများအား အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် အတိုးနှုန်းတစ်လလျှင်(ဝ.၅%)ဖြင့် လုပ်ငန်းရှင် (၃၃၃)ဦးအား ငွေကျပ်(၉၆၉၅)သန်းအား ထုတ်ချေးခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေ (၁၀)ဘီလီယံပြည့်မီအောင် ထုတ်ချေးပေးနိုင်ရေး တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အတိုးရငွေများမှလည်း ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး ချေးငွေများအား အကျိုးရှိစွာအသုံးချ၍ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်း အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစိစစ်လေ့လာတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့်အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းရှိ မြို့နယ်များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးအကြံပြုတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)