လေဘေးသင့်အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊  အေးချမ်းသာယာခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုလိုနိုင်ငံတော်မှ ထောက်ပံ့ပေးအပ်မှုအပေါ် အကျိုးရှိစွာ သုံးစွဲကြဖို့နဲ့ကျေးရွာ တာဝန်ရှိသူများ၊ ကျန်းမာရေးဆရာ/ဆရာမများကလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့လိုကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက လေဘေးသင့်၍ နေအိမ်ပြိုသူ တစ်ဦးလျှင် ငွေကျပ် (၁)သိန်းစီနှင့် အမိုးလန်သူများအား ငွေကျပ်(၃) သောင်းစီ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကုန်းမြို့နယ် မကျီးပင်ကွင်းအုပ်စု၊ အစုကြီးကျေးရွာ၊ ဘုရားငူကျေးရွာ၊ သရက်တောကျေးရွာနှင့် အညာတန်းကျေးရွာ၊ အမှတ်(၁) ရပ်ကွက်တို့၌ လေဘေးသင့်သူ လူဦးရေ (၁၁၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေကျပ်(၂)သိန်းကျော်၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ငွေကျပ် (၇)သိန်းခန့်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း (၂၀)ကျော်၊ စုစုပေါင်းငွေကျပ်(၂၉)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအား တစ်ကျောင်းလျှင် ငွေကျပ်(၅)သောင်းစီ၊ လေဘေးသင့်သူများအား ဆန်(၂)ပြည်စီ၊ ကြက်ဥ (၁၀)လုံးစီနှင့် ခေါက်ဆွဲခြောက်(၂)ထုပ်စီ ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)