ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံ ပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့်ကွင်းဆင်းတွေ့ဆုံ

ကန်ကြီးထောင့် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂) ဦးလှမြင့်၊ အဖွဲ့ဝင်(၃) မြို့နယ် လဝက ဦးစီးမှူး ဦးကျော်ဆွေ၊ အတွင်း‌ရေးမှူး ရဲမှူး စိုးကြည်နှင့်  ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား နိုင်ငံတော်‌အေးချမ်း သာယာ‌ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးချိတ်မီးကတ်များတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေး အတွက်ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင် ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ် အလိုက် သန့်ရှင်းရေးများဆောင်ရွက်ရေး၊  Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ကြစေရေးနှင့် ပြည်သူ့စစ်မှုထမ်ဥပ‌ဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာလက်ကမ်းစာစောင်များအား လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြရာ မိချောင်းတစ်ရာ အုပ်စု၊ မဂူကျွန်းအုပ်စု၊ လျော်ကုန်းအုပ်စုတို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁ဝ၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ရပ်ရွာအတွင်း ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ နယ်မြေကွင်းဆင်းစိစစ်၍ ဘတ်ဂျတ်အလိုက်၊ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအစီအစဉ်များရေးဆွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

ကျော်ဇင်စိုး(ပြန်/ဆက်)