ရေတာရှည် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေတာရှည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်ကျော်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားရာ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စနစ်အား အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း ၊ ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ကြောင်း ၊ မဲပေးရာတွင် မဲရုံ၌ မဲဆန္ဒရှင်ပြည်သူများက မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှ ထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းမဲပေးစက်သည် လျှပ်စစ်မီးအပေါ် မှီခိုမှုမရှိသည့်အတွက် နေရာဒေသမရွေး အသုံးပြုနိုင်ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများလေလွင့်မှုမဖြစ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တိကျမြန်ဆန်ရေးနှင့် မဲမသမာမှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၂၉၆)ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြရာ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုလတ် ၊ ရေတာရှည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်ကျော်နှင့် ဝန်ထမ်းများ ၊ တာဝန်ရှိသူများက ဆန္ဒမဲပေးနည်း အဆင့်ဆင့်များအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)