တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား လှည့်လည်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ မေ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ယမန်နေ့ညနေ(၃)နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေသက အနေကဇာတင်ပွဲနှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ် (၁)ဆူ၊ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ်(၁)ဆူ လှည့်လည်အပူဇော်ခံရေး၊ ဝင်းခင်းသဘင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး နှုတ်ခွန်းဆက်လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် ပွဲတော်ကျင်းပရေး နာယက ခရိုင်အုပ်ချုပ်ရေးမှူး(ငြိမ်း) ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (ပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး)က ပွဲတော်ကျင်းပရေးလုပ်ငန်းစီမံချက်ကို ဖတ်ကြားရှင်းလင်းသည်။ ဆက်လက်၍ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များက ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးယဥ်ဌေး ( ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိမ်း ဂေါပက ) က ပွဲတော်ကျင်းပရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဝင်းက ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် သုံးစွဲမှုအခြေအနေအား ခန့်မှန်းတင်သွင်းတင်ပြကြပြီး ဆပ်ကော်မတီအသီးသီးက အထွေထွေရှင်းလင်းတင်ပြကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းသည်။

တောင်ငူမြို့၌ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဘုရားအနေကဇာတင်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ၊  ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဘုရားပွဲတော်အား မေ (၁၅) ရက်နေ့မှ (၂၉) ရက်နေ့အထိလည်းကောင်း၊  စွယ်တော်မြတ် (၂)ဆူ လှည့်လည်ပူဇော်ပွဲအား မေ (၂၂) ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံ၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်တွင် လက်ယာရစ်တစ်ပတ်ပတ်၍ အနောက်မြောက်ထောင့်ရှိ ဗောဓိညောင်ပင်တွင် ညောင်သွန်းလောင်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)