ပွင့်ဖြူ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့ ပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားသို့ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းခိုင်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စောစောထားနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းရှေ့တို့တွင် တာဝန်ရှိသူများ ပူးးပေါင်းအဖွဲ့က ကျောင်းအပ်နှံရေးနေ့ ပညာပေးဆိုင်းဘုတ်များကို အသီးသီးစိုက်ထူခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၆၉) ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းဖွင့်ရာသီချိန်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် အခြေခံပညာကျောင်းများအလိုက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများပူးပေါင်းပြီး ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )