ပဲခူး မေ ၁၀
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်” သီချင်းဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ သင်တန်းဆင်းပွဲအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ရေမြေတောတောင်သဘာဝကို ချစ်မြတ်နိုး၍ရင်ဆိုင်ရမည့် အခက်အခဲများအား ဖြေရှင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးဖေးမကူညီမှုများ၊ စည်းလုံးချစ်ကြည်မှုများ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်မိမိယုံကြည်မှုများရှိလာစေရေး လူငယ်ကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ဆက်တည်း နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ 4 Skills သင်တန်း၊ နည်းပညာနှင့်ပတ်သက်သည့်ကွန်ပျူတာသင်တန်း၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် ကာယသင်တန်း၊ အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးပြီး လိမ္မာယဉ်ကျေးသောလူငယ်များပေါ်ထွန်းလာစေရေး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ဂီတအခြေခံပန်းပွားအကနှင့်ဘင်ခရာမွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မိမိတို့ဝါသနာပါရာဘာသာရပ်များကို လေ့လာဆည်းပူးသင်ယူခဲ့ပြီးဖြစ်၍ တတ်မြောက်ခဲ့သည့်ဘာသာရပ်များအလိုက် စဉ်ဆက်မပြတ် လေ့ကျင့်လေ့လာကြိုးစားရင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် သားကောင်းသမီးမွန်များဖြစ်ကြစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ကင်းထောက်ကျောင်းသားလူငယ်မောင်မယ်များက နိုင်ငံတော်အလံအလေးပြုခြင်း၊ ကင်းထောက်သင်္ကေတဖြင့်ဆက်သွယ်ခြင်း၊ တောတွင်းသုံးပစ္စည်းပြုလုပ်ခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းကိုလည်းကောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းသား/ကျောင်းသူများက ကာယပညာအတွဲ(၄)ဖြင့်လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူများက ပန်းပွားအကဖြင့်လည်းကောင်း၊ ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးလိမ္မာသင်တန်းကျောင်းသား/ကျောင်းသူများက (၃၈) ဖြာမင်္ဂလာကဗျာဖြင့်လည်းကောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူများက “မေတ္တာဖြန်းမှ လန်းဆန်းမယ်” သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းနည်းပြများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့နှင့်ပြည်မြို့တို့တွင် ကင်းထောက်သင်တန်း၌ သင်တန်းသား၊သင်တန်းသူ (၁၂၀)ဦး ဖြင့်လည်းကောင်း၊ ယခုနှစ်မှစတင်၍ နွေရာသီလူငယ်သင်တန်းအား အင်္ဂလိပ်စာသင်တန်း၌ ကျောင်းသား/ကျောင်းသူ(၃၈၀)ဦး၊ ကွန်ပျူတာသင်တန်း၌ ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ ယဉ်ကျေးလိမ္မာသင်တန်း၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး၊ ကာယပညာသင်တန်း၌ ကျောင်းသား/ကျောင်းသူ(၆၀)ဦး၊ ဘင်ခရာနှင့်ပန်းပွားသင်တန်းတို့၌ ကျောင်းသား/ကျောင်းသူ(၂၆၉)ဦးတို့အား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)