ပွင့်ဖြူ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံအပါအဝင် နွေသီးနှံစုံ ၇၃၄၆၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရှိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ ၃၁၂၈၇ ဧက၊ နှမ်း ၃၇၃၄၈ ဧက စိုက်ပျိုးရန်လျာထားပြီး နွေစပါးသီးနှံအား ဖေဖော်ဝါရီလမှစတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၃၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ နွေနှမ်းစိုက်ပျိုးခြင်းကို မတ်လဆန်းက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၄၇၄၅၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မိုးကြိုပဲတီစိမ်း စိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၃၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ စုစုပေါင်း နွေသီးနှံစုံ ၇၃၄၆၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ နွေစပါးသီးနှံ ၃၁၂၈၇ ဧက နဲ့ နွေနှမ်း ၃၇၃၄၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ နွေစပါးသီးနှံ ၂၃၆၆၈ ဧက၊ နွေနှမ်း ၄၇၄၅၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် မိုးကြိုပဲတီစိမ်းသီးနှံ ၂၃၄၆ ဧက စိုက်ပျိုးပြီးစီးဖြစ်တာကြောင့် စုစုပေါင်း နွေသီးနှံစုံ ၇၃၄၆၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ယခုဆိုရင် နွေသီးနှံတွေထဲမှာ နွေနှမ်းစိုက်ပျိုးမှုအနေနဲ့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးသွားပါပြီ။ ကျန်ရှိတဲ့ နွေစပါးသီးနှံကိုလဲ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးသန့်ရရှိစေဖို့ တောင်သူတွေကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။ အဲဒီလို ကူညီဖြည့်ဆည်းဆောင်ရွက်ရာမှာ သီးနှံအလိုက် အထွက်နှုန်းကို တစ်ဧကပန်းတိုင်အထွက်နှုန်းများရရှိအောင် တွန်းအားပေး ဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်၊ သီးနှံအထွက်နှုန်းတိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါး ၃၁၂၈၇ ဧက ၊ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်း ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ နွေစပါး ၂၃၆၆၈ ဧက၊ နွေနှမ်း ၄၇၄၅၂ ဧက၊ မိုးကြိုပဲတီစိမ်း ၂၃၄၆ ဧက၊ စုစုပေါင်း နွေသီးနှံစုံ ၇၃၄၆၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)