လိပ်သိုဒေသတွင် မက္ကဒေးမီးယားပင်များ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသော်လည်း စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးမှု မရှိသေး

လိပ်သို မေ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော နှစ်ရှည်သီးနှံများအပြင် နှစ်ရှည်သီးနှံ အမျိုးအမည်သစ်များကိုလည်း ရှာဖွေစမ်းသပ်စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။

ဒေသ၏ အဓိက စိုက်ပျိုးရေးလုပ်ငန်းမှာ ကွမ်းသီး၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ တညင်း စသည့် နှစ်ရှည်သီးနှံပင်များကို စီးပွားဖြစ်စိုက်ပျိုးသော ဥယျာဉ်ခြံလုပ်ငန်းဖြစ်ကာ နှစ်ရှည်သီးနှံ အမျိုးအမည်သစ် ရှာဖွေစမ်းသပ်စိုက်ပျိုးသူ တောင်သူအချို့မှာ လွန်ခဲ့သောနှစ်များက မက္ကဒေးမီးယားပင်များကို စမ်းသပ်ရင်းနှီးမြှုပ်နှံ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ယခုအခါတွင် မက္ကဒေးမီးယားပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီဖြစ်သော်လည်း ဒေသတွင်းတွင် ဈေးကွက်မရှိခြင်း၊ ဝယ်ယူစားသုံးမှု နည်းပါးခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထားသူများ အကျိုးအမြတ်ရရှိမှု မရှိသေး၍ အခြားသောတောင်သူများကလည်း ရင်းနှီးမြှုပ်နှံစိုက်ပျိုးရန် နှောင့်နှေးလျက်ရှိနေသည့်အပြင် စိုက်ပျိုးပြီး တောင်သူများအနေဖြင့် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ရန် ချင့်ချိန်လျက်ရှိနေကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)