အထက်မင်းလှ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့်နွားများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ပေါင်ပုပ်၊ လက်ပုပ်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၃) နာရီက ကုန်းကြီးကျေးရွာတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာပွင့်မြတ်နိုးသိမ့် ဦးဆောင်သော ကျန်းမာရေးလုပ်သားများက ကုန်းကြီးကျေးရွာမှ တောင်သူများ မွေးမြူထားသည့်နွား (၉၂) ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးများ ကြိုတင်ထိုးနှံခြင်းဖြင့် မိုးဦးရာသီတွင် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးနှင့် တောင်သူများအနေဖြင့် ကျန်းမာသောနွားများနှင့် လယ်ယာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)