အုတ်တွင်း မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM) ဖြင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်းအင်အား (၂၆၇)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်သရုပ်ပြ မဲပေးလေ့လာကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသူရမျိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးပုံအဆင့်ဆင့်ကို Power Point ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းများဆောင်ရွက်ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုလတ်နှင့်တာဝန်ရှိသူများက ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)