မြန်အောင် မေ ၉
ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် (၁)၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရေးရာသီချိန်တွင် စိုက်ဧကပြည့်မီရေး၊ ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် ကန်ဇွန်းခုံကျေးရွာအုပ်စု၊ ကုန်းတလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် (၁) မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧကပြည့်မီရေး၊ ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စန်း၊ မြန်အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက နည်းပညာအသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဆီထွက်သီးနှံအထူးဇုန်(၁) တာဝန်ခံ ဦးခင်မောင်စန်းသည် မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင် အထွက်နှုန်းတိုး တက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးတို့အတွက် ရေတော်မိုးတော်ဧကများတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကွင်းဆင်းအသိ ပညာပေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရှိရသည်။
ဝင်းဗိုလ်(မြန်အောင်)