၂၀၂၄ ခုနှစ် မိုးစပါး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနား မြန်အောင်တွင်ကျင်းပ

မြန်အောင် မေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု ဧက ၁၀၀ စံပြကွက် တောင်သူဦးစိုး၏ လယ်မြေကွင်းအမှတ်(၂၄၉)၊ ဦးပိုင် အမှတ်(၁၂) လယ်မြေ (၅)ဧကတွင် ယနေ့နံနက်က မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ထန်းသုံးပင်၊ လဟာပေါက်၊ ကွင်းကြီးဒေါင့်၊ တာခွတဲကြီးကုန်း၊ ဆင်သေ၊ ကွမ်းတောကျေးရွာအုပ်စုတို့မှ တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ ကြဲခင်းစနစ် ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစိုးမြင့်အောင်က လယ်မြေများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များက တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ခဲ့ပြီး ဧက ၁၀၀ စံပြကွက်တောင်သူ ဦးစိုး၏လယ်မြေတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခဲ့ကြသည်။

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)