ပြည် မေ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက " ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် စာငှား/ စာဖတ်ပြည်သူများအတွက် ကောင်းမွန်သည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းပေးစွမ်းနိုင်ရန်နှင့် ဝန်ထမ်းများ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း " ပြောကြားသည်။
သင်တန်းသို့ ပြည်ခရိုင်အတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ စာကြည့်တိုက်လုပ်ငန်းတာဝန်ဆောင်ရွက်နေသော ဝန်ထမ်း စုစုပေါင်း ၁၂ ဦးတက်ရောက်ပြီး ယင်းသင်တန်းသား၊ သင်တန်းသူများကို သင်တန်းနည်းပြ ဆရာ/ဆရာမ ၄ ဦးတို့က "စာကြည့်တိုက်နှင့် စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းနည်းပညာရပ်အပါအဝင် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှား/စာဖတ်ဝန်ဆောင်မှုလုပ်ငန်း၊ ကတ်တလောက်ရေးသားနည်းလုပ်ငန်းနှင့် ဒီဂျစ်တယ်စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်(Digital Library Management System)စသည့် စာကြည့်တိုက်လုပ်ငန်းဆိုင်ရာပညာရပ်များကို မေလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာဖွင့်လှစ်၍သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)