ဝါးခယ်မမြို့၌ ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှု ရှိ၊ မရှိ၊ အရည်အသွေးပြည့်ဝမှု ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ နေ့စဉ်ဝယ်ယူ စားသောက်သုံးစွဲနေသည့် ကုန်စည်များကို ကျန်းမာရေးနှင့် ကိုက်ညီမှုရှိစေရေးအတွက် အပတ်စဉ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)