ဘိုကလေး မေ ၉
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးတားဆီးကာကွယ်နိုင်စေရေးတို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မေ(၈)ရက် ညနေ(၄)နာရီအချိန်၌ ဘိုကလေးမြို့နယ်ရှိ မိုဘိုင်းနန်းတော် ဖုန်းအရောင်းဆိုင်တွင် အရောင်းဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက ဂတ်(စ်)မီးဖိုကြောင့် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး မိုဘိုင်းဖုန်းအရောင်းဝန်ထမ်းများအား လက်တွေ့ငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)