မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာ ခံစားနေရသော လူနာများအား အခမဲ့ကွင်းဆင်းကုသပေး

ဆင်ပေါင်ဝဲ မေ ၉

မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ နယ်လှည့်ဆေးကုသမှုအစီအစဥ်ဖြင့် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် ၉ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးကုသမှုတွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဦးဆောင်သော သမားတော်(အထွေထွေ)၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်၊  မျက်စိကုသရေးအဖွဲ့၊ အရိုးရောဂါအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်အဖွဲ့ အစရှိသည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရောဂါဝေဒနာ ခံစားနေရသော လူနာများအား သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ ကြည့်ရှုကာ ရောဂါဝေဒနာများအား ကုသပေးခြင်းလုပ်ငန်းများနှင့် ဆေးဝါးများအား အခမဲ့ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုပေးနေမှုအား မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီးနှင့်အဖွဲ့ဝင်များ၊ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ​ဒေါက်တာမွန်စိုးရီက ပြည်သူ့ဆေးရုံတွင် လူနာများအား ဆေးကုသပေးနေမှုအခြေအနေများ၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)