ဘိုကလေးမြို့နယ်တွင် (၇၆)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပ

ဘိုကလေး မေ ၉

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာ သနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားအား မေ(၈)ရက် ညနေ(၆)နာရီ၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ ဦးလှသန်းဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းသည် ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက်၊ မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ၊ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့မြင်ကြားသိနေရပါသဖြင့် မိမိအနေဖြင့်လည်း လွန်စွာဂုဏ်ပြုပါကြောင်းနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်၍ အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြပါရန် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ ဦးလှသန်းဦးက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာမျိုးညွန့်ထံမှပေးပို့သည့် (၇၆)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ဘိုကလေးမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးသူနာပြုစုနည်း (၁၀/၂၀၂၃) သင်တန်းတွင် တက်ရောက် အောင်မြင်ခဲ့သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဆန္ဒက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲအား ဆက်လက်၍ ကျင်းပဆောင်ရွက်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အင်အားအကြီးမားဆုံး ကြက်ခြေနီလူမှုဂရုဏာကွန်ယက်အား စတင်အုတ်မြစ်ချပေးခဲ့သည့် ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်၏မွေးနေ့ မေလ(၈)ရက်အား (၁၉၄၈)ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကျရောက်သော မေလ(၈)ရက်နေ့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မိုးစက်(ဘိုကလေး)